ဆရာတော် ဖြေ။ ဇီးပင်ကြီးကျောင်းဆရာတော်ထံမှာ ပရိယတ်အခြေခံများနှင့် ဗေဒင်ပညာ၊ ဆေးပညာများကိုလည်း သင်ကြားခဲ့ပါတယ်။ ရှင်သာမဏေဘ၀၊ ရဟန်းဘ၀နဲ့ ဇီးပင်ကြီးဆရာတော် ဦးစန္ဒောဘာသ၊ ဦးသုဇာတ၊ စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်း ဆရာတော်ဦးနာဂ၀ံသ၊ ရန်ကုန်မြို့ သိမ်ဖြူလမ်း မင်္ဂလာရာမပါဠိတက္ကသိုလ်ဆရာတော်ကြီး ဦးကေသရာဘိဝံသ၊ တိုက်အုပ်ဆရာတော် ဦးရဌသာရ၊ ဦးက၀ိဓဇ၊ ဇီးကုန်းမြို့ အရှေ့သစ်နဖား ဆရာတော်ဦးဣန္ဒာစာရ စသည့်ဆရာတော်များထံမှာ ပထမပြန်စာပေများ သင်ကြားခဲ့ပါတယ်။ မန္တလေးမြို့မှာတော့ မစိုးရိမ်ဆရာတော်ကြီးနဲ့ အခြားသော ဆရာတော်ကြီးတွေထံမှာလည်း ပညာသင်ကြားခဲ့ပါတယ်။
ဆရာတော် ဖြေ။ လောကီပညာရပ်အနေနဲ့က ပေတာကုန်း ဆရာတော်ဦးနန္ဒရဲ့ အလွတ်ပညာသင်ကျောင်းမှာ သင်ကြားခဲ့ပါတယ်။ ၁၊ ၈၊ ၆၃ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံကိုရောက်ခဲ့ပါတယ်။ အဲဒီမှာ အိန္ဒိယဘာသာ အခြေခံမှစပြီး သက္ကတဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တိဗက်ဘာသာများကို ဘွဲ့လွန်အထိ သင်ကြားခဲ့ပါတယ်။ တိဗက်ဘာသာရပ်မှာတော့ တက္ကသိုလ်တစ်ခုလုံးမှာ ပထမရခဲ့ပါတယ်။ တိဗက်ဘာသာဆရာအဖြစ် စာမေးပွဲကိုလည်း အောင်မြင်ခဲ့သေးတယ်။ ဂေါရခပူရ်တက္ကသိုလ်တွင် တိဗက်ဘာသာ ဆရာအဖြစ်ဝင်ရောက် စာမေးပွဲဖြေခဲ့ရာ အောင်မြင်ခဲ့ပါတယ်။ အင်တာဗျူးဘိုင်ဘာမှာလည်း အောင်မြင်ခဲ့ပါတယ်။ သို့သော ဆရာတော်ကို ဆရာအဖြစ် တက်ရောက်သင်ပြရန် အမေကခွင့်မပြုခဲ့ပါ။
အပ္ပမာဒ မေး။ လောကီပညာရော၊ လောကုတ္တရာပညာရော ဆရာတော် အောင်မြင်ခဲ့တဲ့ စာမေးပွဲများကိုလည်း ပြောပြပါဦးဘုရား။
ဆရာတော် ဖြေ။ မင်္ဂလာရာမကျောင်းတိုက်မှာပဲ သာမဏေဘ၀၊ သာမဏေ မူ၊ ငယ်၊ လတ်၊ ကြီးစာမေးပွဲများ၊ ရဟန်းဘ၀နဲ့ ၀ိနယာနုဂ္ဂဟစာမေးပွဲ၊ မူလတန်းနဲ့ ငယ်၊ လတ်၊ ကြီးတန်းတို့ကို အောင်မြင်ခဲ့ပါတယ်။ နောက်အစိုးရပထမပြန် စာမေးပွဲမှာလည်း ငယ်၊ လတ်၊ ကြီးများကိုအောင်မြင်ခဲ့ပါတယ်။ အိန္ဒိယရောက်ပြီး ပြည်နယ်ဘုတ်အဖွဲ့မှ ကျင်းပသော ၁၀ တန်းစာမေးပွဲ၊ ၁၉၆၈ ခုနှစ်၊ ဘုတ်အဖွဲ့မှကျင်းပသော ၁၂ တန်းစာမေးပွဲ ၁၉၇၀ ခုနှစ်၊ ၁၉၇၃ ခုနှစ်မှာ ဂေါရ်ခ်ပူရ်တက္ကသိုလ်က B.A ဘွဲ့၊ နောက်အဲဒီတက္ကသိုလ်မှာပဲ ၁၉၇၅ ခုနှစ်အရောက်တော့ M.A (သမိုင်း) ဘွဲ့ရတယ်။ ၇၈ မှာတော့ ရာဇ၀င်သမိုင်း M.A ပါဠိဘွဲ့တွေပါ ထပ်ပြီးအောင်မြင်ခဲ့ပါသေးတယ်။ ပြယာဂ်တက္ကသိုလ်မှာ ပါဠိဆာဟိတျရတနာဘွဲ့နဲ့ တိဗက်ဘာသာဒီပလိုမာ လက်မှတ်လည်းရခဲ့သေးတယ်။ ဂေါရ်ခ်ပူရ်တက္ကသိုလ်က ဥပဒေပညာ L.L.B ဘွဲ့ကိုလည်းရခဲ့ပါသေးတယ်။ ဘုန်းကြီးက အာယုဗ္ဗေဒ ခေါ်တဲ့အိန္ဒိယတိုင်းရင်းဆေးပညာကိုလည်းပဲ ပေါက်ရောက်အောင် သင်ယူပြီးတော့ ယူပီပြည်နယ်အစိုးရက ကျင်းပတဲ့ တိုင်းရင်းဆေးပညာ စာမေးပွဲကို ဖြေဆိုခဲ့ရာမှာ B.A.M.S တိုင်းရင်းဆရာဝန်ဘွဲ့ကို ရပါသေးတယ်။
အပ္ပ္ပမာဒ မေး။ ဒါဆို ဆရာတော်ကြီးက အိန္ဒိယကိုရောက်မှ ပညာတွေ အတော်စုံအောင် သင်လိုက်သေးတာကိုးဘုရား၊ စောစောက ဆရာတော်မိန့်တဲ့ ၆၃ ခုနှစ် အိန္ဒိယပြည်ရောက်တဲ့အခါ ဆရာတော် သာသနာရေးနဲ့ ပတ်သက်လို့ လှုပ်ရှားခဲ့ရပုံကိုလည်း ပြောပြပါဦးဘုရား။
ဆရာတော် ဖြေ။ ၆၃ ခုနှစ်မှာ ကုသိနာရုံဆရာတော်ကြီးနဲ့ မိဂဓါဝုန်ဆရာတော် ဦးကိတ္တိမတို့ ဖိတ်ခေါ်လို့ သြဂုတ်လမှာ အိန္ဒိယပြည် ကုသိနာရုံကိုဘုန်းကြီးရောက်ခဲ့ပါတယ်။ ဟိုရောက်တော့ ကျောင်းတိုက်အုပ်ချုပ်ရေး၊ ၀တ္တကမြေ ထိမ်းသိမ်ရေး၊ ဆရာတော်ကြီးကိုစောင့်ရှောက်ရမှု၊ တစ်ဖက်ကလည်း ပညာရေးဖက် လိုက်စားမှုတွေကို လုပ်ရတဲ့အပြင် ကျောင်းရဲ့ပညာရေးတာဝန် အသီးသီးတို့ကိုလည်း မနားတမ်းအပြည့်အ၀ တာဝန်ယူခဲ့ပါတယ်။ နောက်ပြီး နိုင်ငံခြားသားလက်ထဲရောက်နေတဲ့ ၀တ္တကမြေများကို ပြန်လည်ရရှိအောင် ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် ကုသိတာရုံ မဟာပရိနိဗ္ဗာနတစ်ခုလုံးကို အုပ်ချုပ်နေတဲ့ ကုသိနာရုံဘိက္ခုသံဃအဖွဲ့ မှာ အတွင်းရေးမှူး၊ ဗုဒ္ဓဂယာဘုရားကြီး ထိမ်းသိမ်းရေးကောင်မတီမှာ ဗုဒ္ဓဘာသာဝင်လေးဦးအနက် တစ်ပါးအပါအ၀င်ဖြစ်တဲ့အခါကျတော့ ဘုန်းကြီးက ၀င်ကြေးပေးပြီးမှ ၀င်ရတဲ့စနစ်ကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။
အပ္ပ္ပမာဒ မေး။ ကုသိနာရုံမှာ ဆရာတော်ဆောင်ရွက်ခဲ့ရတဲ့ တာဝန်ပိုင်းများကိုလည်း သိလိုပါတယ်ဘုရား။
ဆရာတော် ဖြေ။ ရှေးဟောင်းသုတေသနနဲ့ပတ်သတ်တဲ့နေရာတွေ ရှိပါတယ်။ အဲဒါတွေကတော့ ဗုဒ္ဓဂယာ၊ ရာဇဂြိုဟ်၊ နာလန္ဒာ၊ မိဂဒါဝုန်၊ သာဝတ္ထိနဲ့ သင်္ကဿဌာနများကိုတော့ ရှေးဟောင်းသုတေသနဌာန များကအုပ်ချုပ်ပါတယ်။ ဆရာတော်အနေနဲ့တော့ ဆရာတော်ကြီးရှိစဉ်ကကဲ့သို့ပဲ ကုသိနာရုံမှာရှိတဲ့ ရှေးဟောင်းဌာနကို တရားအမျိုးမျိုးရင်ဆိုင်ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ ကုသိနာရုံ မဟာပရိနိဗ္ဗနဌာနတစ်ခုလုံး ကိုသတ္တိရှိရှိနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ တိုင်းတစ်ပါး သူများတကာ မလုပ်နိုင်တဲ့အလုပ်ကို ဘုန်းကြီးက လုပ်ဆောင်ပြီး သာသနာပြုနေတာပါ၊ သာသနာတော်အတွက်ဆို အသက်ပေးဆောင်ရွက်ဖို့ ၀န်မလေးပါဘူး၊ ဒါကြောင့်လည်း အိန္ဒိယသားများနဲ့ အိန္ဒိယအစိုးရကပါ သဘောတူပြီး အားပေးခဲ့ပါတယ်။ ဆက်လက်ပြီးတော့ သာသနာ့အဆော်အဦးများ တည်ဆောက်ခြင်း၊ သာသနာပြုပွဲများ ကျင်းပခြင်း၊ ပညာရေးကိစ္စများကိုလည်း ဆောင်ရွက်သွားပါမယ်။





